ကျေးရွာများ ရေမြုပ်သည်အထိ ဖိလစ်ပိုင်ကို ဝင်ရောက်မွှေနှောက်ခဲ့တဲ့ အားပြင်းတိုင်ဖွန်းမုန်းတိုင်း (ရုပ်သံ )

ကျေးရွာများ ရေမြုပ်သည်အထိ ဖိလစ်ပိုင်ကို ဝင်ရောက်မွှေနှောက်ခဲ့တဲ့ အားပြင်းတိုင်ဖွန်းမုန်းတိုင်း (ရုပ်သံ )

ဖိလစ်ပိုင်နိုင်ငံမှာ ယခုနှစ်ရဲ့ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းတစ်လုံး ကျွန်းနိုင်ငံတစ်ဝန်း သောကြာနေ့(ဒီဇင်ဘာ ၁၇) က ဝင်ရောက်မွှေနှောက်ခဲ့မှုအတွင်း လူ တစ်ဦးထက်မနည်း သေဆုံးကာ သစ်ပင်တွေ အမြစ်က ကျွတ်ထွက်၊ ဓါတ်တိုင်တွေ လဲကျခဲ့သလို ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို တိုင်ဖွန်း ရိုင် ဝင်ရောက်ခဲ့မှုကြောင့် ပင်လယ်ကမ်းစပ် အပန်းဖြေဒေသတွေက လူ ၃၀၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး အချို့ ဧရိယာတွေမှာ အဆက်အသွယ်တွေ ပြတ်တောက်ခဲ့ကာ အဆောက်အအုံတွေ အမိုးလန်သွားခဲ့ပါတယ်။

ကြာသပတေးနေ့က Siargao ကျွန်းဒေသအတွင်း စူပါတိုင်ဖွန်းတစ်ခုအဖြစ် ဝင်ရောက်ခဲ့တဲ့ ရိုင်ဟာ လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၁၉၅ ကီလိုမီတာ ရှိခဲ့ပါတယ်။ သောကြာနေ့မှာတော့ မုန်တိုင်းအရှိန် လျော့ကျသွားပြီး လေတိုက်နှုန်း တစ်နာရီ ၁၅၅ ကီလိုမီတာရှိခဲ့တယ်လို့ နိုင်ငံတော် မိုးလေဝသ ခန့်မှန်းရေးဌာနက ပြောဆိုပါတယ်။

“ လမ်းတွေပေါ်မှာ လူတွေ သွားလာနေတာ တွေ့ရပါတယ်။ အများစုက တုန်လှုပ်ခြောက်ခြားနေကြပါတယ် ”လို့ တောင်ပိုင်းကျွန်း မင်ဒါနာအိုပေါ်ရှိ မုန်တိုင်းဒဏ်ဆိုးဝါးစွာခံခဲ့ရတဲ့ Surigao မြို့ကို ရောက်ရှိနေသော ABS-CBN သတင်းထောက် ဒန်းနစ် ဒါတူက သတင်းပေးပို့ခဲ့ပါတယ်။ ပြည်နယ် သဘာဝဘေးဆိုင်ရာ ရုံး အပါအဝင် အဆောက်အအုံတိုင်းက ကြီးကြီးမားမား ပျက်စီးနေခဲ့ပြီး ဗုံးထိမှန်ထားသလိုဖြစ်နေကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကမ်းရိုးတန်းမြို့တော်သို့ သွားရာ အဓိက လမ်းမကြီးတွေဟာ မြေပြိုမှု၊ သစ်ပင်တွေ ပြိုလဲမှုနဲ့ ဓါတ်တိုင်တွေ လဲကျခဲ့မှုကြောင့် အသွားအလာပိတ်ဆို့သွားခဲ့တယ်လို့ ဒါတူက ပြောဆိုပါတယ်။

မုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသား သဘာဝဘေး အေဂျင်စီက အတည်ပြုခဲ့ပြီး မုန်တိုင်းဟာ နာမည်ကျော် ခရီးသွားအပန်းဖြေကျွန်း ပါလာဝမ်ဆီ ဆက်လက်ဦးတည်သွားတယ်လို့ သိရပါတယ်။

(Visited 124 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*