ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ငပိရည်ကျိုနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူသူ ပိုမိုများပြားလာ (ကြာရင် ဒီထက်ပိုပြီး ငတ်ပါတော့မယ်…)

ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ငပိရည်ကျိုနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူသူ ပိုမိုများပြားလာ (ကြာရင် ဒီထက်ပိုပြီး ငတ်ပါတော့မယ်…)

ကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် ငပိရည်ကျိုနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူသူများပြားလာကြောင်း ကုန်စိမ်းရောင်းချသူများက ပြောပါသည်။ မြန်မာနိုင်ငံတွင် လူတိုင်းနီးပါးစားသုံးသည့် ငပိရည်ကျိုဈေးသည် ငါးစင်ရိုင်း ငပိရည်ကျို တစ်ဆယ်သားလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်နှင့် ငါးပြေမ ငပိရည်ကျိုတစ်ဆယ်သားလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်ကြား ရောင်းချနေပြီး ယခင်ကထက် ကျပ်ငွေတစ်ရာကျပ်မှ နှစ်ရာကျပ်ကြား မြင့်တက်လာသော်လည်း ဝယ်သူကျသွားခြင်းမရှိဘဲ ပို၍များပြားလာကြောင်း ငပိရည်ကျို (အစိမ်း) ရောင်းချသူများက ပြောပါသည်။

“ငပိရည်ကျိုဆို အရောင်းရဆုံးက ငါးစင်ရိုင်းနဲ့ ငါး ပြေမ နှပ်တဲ့ဟာပေါ့။ ဈေးကတော့ တစ်ရာလောက်တက်သွားတယ်။ ဒါကလဲ ဒိုင်မှာကိုက တက်တာလေ။ ဝယ်သူအချို့ဆို ငါးပိုထည့်ပေးပါဆိုပြီး တောင်းတာတွေ့တယ်” ဟု ဆိပ်ကမ်းသာလမ်းအတွင်း ငပိရည်ကျိုရောင်းချနေသူတစ်ဦးကပြောသည်။

လတ်တလော ဈေးကွက်အတွင်း ဝယ်ယူသူများပြားလာသည့် ကုန်စိမ်းများသည် ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ပဲပြား၊ ပဲသွေး၊ ကောက်ရိုးမှို၊ စိုက်မှို၊ ကန်စွန်းရွက်၊ ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်နှင့် ရုံးပတီသီးတို့ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူများက ပြောပါတယ်။“အမကုန်စိမ်းရောင်းလာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ တစ်ခါမှ ဒီလောက်မရောင်းရဘူး။

အခုလူတွေက ဟင်းစားထက် အသီးအရွက်စားသူများလာတယ်။ ရုံးပတီသီးနဲ့ ကန်းစွန်ရွက်က အရောင်းရဆုံးပဲ။ ကန်စွန်းရွက်ဆို ရောင်းကောင်းပါတယ်ဆိုတဲ့ တရုတ်ကန်စွန်းတောင် မဝယ်ကြတော့ဘူး။ တစည်း ၄၀၀ မို့လို့။ ကန် စွန်းရွက် အသေးလေးတွေပဲ ဝယ်ကြတော့တယ်” ဟု ကြည့်မြင်တိုင်ညဈေးအတွင်း ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်ရှိ မိသားစု (၄) ဦးရှိသည့် အိမ်ထော င်ရှင်မတစ်ဦး၏ တစ်နေ့တာ ကုန်ကျစရိတ်ကို မေးမြန်းရာ မနက်၊ နေ့လယ်နှင့် ညစာထမင်းဟင်းစရိတ်အတွက်တင်ပင် ကျပ်ငွေ ၈ ထောင်နီးပါးရှိကြောင်း ပြောပါတယ်။ “ပိုက်ဆံ ၈ ထောင်ဆိုတာ မနက်စာ အဆာပြေစားတာမပါသေးဘူး။

အသားစားချင်ရင် ကြက်သားနဲ့ ငါး ဘက်ပဲ ခြေဦးလှမ်းနိုင်တယ်။ ဆိတ်သားတို့ ဝက်သားတို့က အိမ်ကလူတွေနဲ့ မကိုက်ဘူး။ ဟင်းသီးဟင်းရွက်ဈေးကလဲ ကန်စွန်းရွက်နှစ်စည်းနဲ့ မှိုနဲ့ချက်မယ်ဆိုတောင် နှစ်ထောင်ဖြစ်ပြီ။ ဆန်ရယ် ဆီရယ်ကလည်း ဈေးကတက်မှတက်ပဲ။

ကုန်ဈေးနှုန်းသာတက်လာတာ ဝင်ငွေက ဒုံရင်းပဲဆိုတော့ ချွေတာပြီးစားတောင် တစ်ရက်ရှစ်ထောင်ကုန်တယ်။ ဒါတောင် အရင်လို ကြော်လှော်နေတာမဟုတ်ဘူး။ ဆီကျန်ရေကျန်လေး ချက်နေရတာ။ ဟိုကောင်တွေ အုပ်ချုပ်ကတည်းက တိုင်းပြည်က တဖြေးဖြေးနဲ့ ငတ်တော့မယ်” ဟု စမ်းချောင်းမြို့နယ်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း၊ မြို့နယ်လေးခုရှိ လေဟာပြင် ညဈေးကြီး၊ ဂွဈေး၊ ဆိပ်ကမ်းသာလမ်း(အလယ်ဘလောက်) ဈေး၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စိမ်းဈေးများအား လိုက်လံမေးမြန်းရာ ပဲပင်ပေါက်တစ်ဆယ်သားလျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ကြား၊ ပဲပြားတစ်တုံးလျှင် ၂၀၀ ကျပ်၊ ပဲသွေးတစ်တုံးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ကြား၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၈၀၀ ကျပ်၊ ပန်းပွ င့်(မုန်လာပန်း)

တစ်ထုပ်လျှင် ၁,၂၀၀ ကျပ်မှ ၁,၄၀၀ ကျပ်ကြား၊ ဘူးသီး(အလတ်)တစ်လုံးလျှင် ၁,၀၀၀ ကျပ်မှ ၁,၁၀၀ ကျပ်ကြား၊ ရုံးပတီသီးတစည်း(လေးတောင့်ပါ)လျှင် ၁၀၀ ကျပ်ဖြင့် ယနေ့ရောင်းချနေကြောင်း သိရသည်။ (MPA)

(Visited 105 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*