ခွေးသေပုပ်ကောင်ကို ခြေထောက်နဲ့ မကန်နဲ့တဲ့ …

ခွေးသေပုပ်ကောင်ကို ခြေထောက်နဲ့ မကန်နဲ့တဲ့ …

အမေက ပြောဖူးတဲ့ ခွေးသေပုပ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ဆိုတဲ့ စကားလေးပါ။ တခုခုဆိုရင် ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျွန်မမှာ ရှိခဲ့တယ်။ ကိုယ်ကမှန်တယ် ထင်ရင် ပြောဆိုရဲသလို ၊ မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျွန်မရဲ့အကျင့် ။ ကိုယ်ကမှန်လို့ ပြောပြီ ဆိုရင် ဘယ်သူ့ရဲ့ မျက်နှာမှ မကြည့်တတ်ခဲ့ဘူး။ အရိုင်းအစိုင်း တစ်ယောက်လိုပဲ ဖြစ်ခဲ့ဖူးတယ်။ မဟုတ်မခံတဲ့ အာ့စိတ်လေးကို မသိစိတ်က သဘောကျမိလေ.. ကျွန်မစိတ်က မောက်မာလာလေပဲ။

သွားတော့မလုပ်နဲ့နော်.. သူက ဆတ်ဆတ်ကြဲ စိတ်လည်း အရမ်းကြီးတယ် ၊ မဟုတ်မခံ ပြန်ပြောတတ်တယ်တဲ့ ။ သူတို့တွေရဲ့ အပြောမှာ ကျွန်မကို ကျွန်မ အဟုတ်ကြီး မှတ်ခဲ့ဘူးတယ်။ မဟုတ်တဲ့ ကိစ္စတစ်ခုကို ရှင်းရမှ စိတ်ကျေနပ်တာ ကျွန်မရဲ့ အကျင့်ဆိုးကြီးလို ဖြစ်နေခဲ့တာ။ တစ်နေ့ အမေနဲ့ အပြင်သွားတော့ လမ်းဘေးက အမှိုက်ပုံတစ်ခုမှာ ခွေးသေပုတ်ကောင်ကြီး အနံတထောင်းထောင်း မြင်တွေ့ရတာ စိတ်ပျက်စရာပါ။

ကျွန်မ နှာခေါင်းရှုံ့လက်နဲ့ကာလို့ မျက်နှာမဲ့သွားတာကို အမေမြင်တော့ အမေက ပြောတယ်။ ” သမီး.. အဲ့ခွေးသေပုတ်ကို ခြေထောက်နဲ့ ကန်ရဲလား ” တဲ့ ။ ” ကန်စရာလား အမေရယ်.. ဒီလောက် ပုတ်စော်နံနေတဲ့ ဟာကို “ဆိုတော့ အမေက ပြုံးတယ် ။ ” ဟုတ်တာပေါ့ သမီးရဲ့.. ကိုယ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတစ်ပါး ပြောတဲ့စကား ကိုယ့်ကောင်းကျိုးပါလား အရင်ဆုံး တွေးစဉ်းစား ” တဲ့ ။

” မဟုတ်တာ ပြောတဲ့လူနဲ့ ကိုယ်က ဖက်ရန်ဖြစ်နေတော့ ဘာပြန်ရလဲတဲ့.. ” အမေ့ရဲ့မေးခွန်းကြောင့် ကျွန်မ နှုတ်ဆိတ်နေမိတယ် ။ တစ်ဖက်လူက ဆဲတယ် ၊ ရိုင်းတယ် ။ ကိုယ့်လည်း ပါးစပ်ပါတယ်.. ပြန်ပြောလို့ရတာပဲ ။ ဒါပေမယ့် မတူဘူးတဲ့ အရိုင်းအစိုင်းနဲ့ ဖက်ဖြစ်ရင် ကိုယ်လည်းသူနဲ့ အဆင့်တူတူပဲ ဖြစ်သွားရောတဲ့ ။ အမေပြောတာ ဟုတ်ပါတယ် ။

ကျွန်မ မေ့နေခဲ့တာ.. ကျွန်မရှေ့မှာ မဟုတ်မခံပြောတဲ့ လူတစ်ချို့ကလည်း ကျွန်မရဲ့နောက်ကွယ် အရိုင်းစိုင်းလေးလို့ ပြောနိုင်သားပဲ။ ကိုယ်မဟုတ်တဲ့ ကိစ္စအတွက် လေကုန်ခံ ပြောမနေတော့ဘူး။ အာ့အတွက် ကိုယ်လည်း ဒေါသ မဖြစ်ရသလို မထွက်ရတော့ဘူး ။ အနည်းဆုံးတော့ အမှား ကင်းလာတယ်။

လျစ်လျူရှု တတ်တာ တစ်ခုက အကျင့်ဖြစ်လာတယ်။ လူကြီး လူငယ်ဖြစ်ဖြစ် သူရိုင်းရင် သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ်။ ဘာဆိုဘာမှ မပြောနေတော့ဘူး ။ ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင် နေစရာနေရာ မရှိတော့သလိုပေါ့ ။ အဲ့နောက်ပိုင်း ခွေးသေပုပ်ကိုလည်း ခြေထောက် အပေခံပြီး မကန်တော့သလို ၊ အရာအားလုံးကို လျစ်လျူရှုတတ်အောင် နေနိုင်ခဲ့ပါတယ် ။ Nann

(Visited 823 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*