ဝယ်မရတဲ့ ဒီဇယ်၊ ရှင်းမနိုင်တဲ့ ရွှေခရုနှင့် တောင်သူလယ်သမားကြီးတွေ မျက်ရည်မစဲတဲ့ နှစ်တစ်နှစ်

ဝယ်မရတဲ့ ဒီဇယ်၊ ရှင်းမနိုင်တဲ့ ရွှေခရုနှင့် တောင်သူလယ်သမားကြီးတွေ မျက်ရည်မစဲတဲ့ နှစ်တစ်နှစ်

ဧရာဝတီတိုင်းအတွင်း ယခုနှစ်မိုးစပါးစိုက်ရာသီမှာ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို ရွှေခရုတွေ ကျရောက်ပြီးစပါးဧက ထောင်နဲ့ချီ ပျက်စီးသွားတဲ့အတွက် တောင်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ဧရာဝတီတိုင်းမှာ စပါး စိုက်ပျိုးရာသီ အစပိုင်း ကျရောက်လေ့ရှိတဲ့ ရွှေခရုတွေကို ကြိုတင် ကာကွယ်နှိမ်နင်းဖို့ တောင်သူတွေကငွေကြေး အလုံအလောက် မသုံးစွဲနိုင်တဲ့အတွက် ပျက်စီးနှုန်း ပိုမြင့်နေတာဖြစ်တယ်လို့ သိရပါတယ်။

စပါးပင်တွေကို ရွှေခရုတွေ ကျရောက်ဖျက်စီးနေတာနဲ့ ပတ်သက်လို့ဝါးခယ်မမြို့နယ်ရှိ တောင်သူတဦးက “လုံးဝ ပြန်မရတဲ့ အခြေအနေအထိ ပျက်စီးသွားတာပါ။ စပါးအပင်တွေက ငုတ်ကလေးတွေပဲ ကျန်တော့တယ်။အသစ်ပြန်စိုက်ဖို့ စရိတ်လည်းမရှိ စရိတ်ရှိတော့လည်းနောက်ကျသွားပြီ။ မရှိမဲ့ ရှိမဲ့လေး စိုက်ထားတာ အခုတော့ အခက်အခဲ ရှိနေပြီ။” လို့ ပြောပါတယ်။

အဲ့ဒီရွှေခရုတွေဟာ ဧရာဝတီတိုင်းအတွင်းရှိ ဝါးခယ်မ၊ ညောင်တုန်း၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြစတဲ့ မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့မိုးစပါးခင်းတွေမှာ အများဆုံး ကျရောက်နေတာဖြစ်ပြီး ဧရာဝတီတိုင်း တတိုင်းလုံးမှာ စပါးဧက ထောင်နဲ့ချီ ပျက်စီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

“ရွှေခရုကို ကာကွယ်ဖို့အတွက် နည်းပညာတွေ ပေးထား တယ်။ ကျယ်ကျယ်ပြန့်ပြန့် နည်းပညာ ပေးနိုင်ဖို့လည်း လုပ်နေတယ်။တောင်သူတွေက အနီးကပ် စပါးခင်းတွေဆီမှာ ရှိနေတာမို့ သေသေချာချာ ညွန်ကြားချက်တွေအတိုင်း ဆောင်ရွက်ဖို့ လိုလိမ့်မယ်။” စကစ လက်အောက်ခံ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းရှိ ကန်ကြီးထောင့်၊ ပန်းတနော်၊ ဝါးခယ်မ၊ ကျုံကျော်၊ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ စတဲ့ ဒေသက တောင်သူတွေ စိုက်ထားတဲ့ စပါးခင်းတွေမှာလည်းအခုလ ဒုတိယအပတ်ကနေ စတင်ပြီး ရွှေခရုတွေ ကျရောက်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

တောင်သူတွေအနေနဲ့ စက်သုံးဆီ ဈေး အဆမတန်မြင့်တက်မှုကြောင့် စပါး စိုက်ပျိုးမှု လျော့ကျရတဲ့အပြင် ယခုကဲ့သို့ ရွှေခရုကပ် ဆိုက်တဲ့ အတွက်ကြောင့် ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။စက်သုံးဆီ ဈေးနှုန်းနဲ့ ရွှေခရုကပ်ဆိုက်တဲ့ အတွက်ကြောင့် စပါး အထွက်နှုန်း ပိုမိုလျော့နည်းလာပြီး ဆန်ဈေးတွေ တက်လာနိုင်တယ်လို့

ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းနေကြပါတယ်။ဧရာဝတီတိုင်းမှာ မနှစ်က မိုးစပါး စိုက်ပျိုး ရာသီမှာလည်း ရွှေခရုတွေ ကျရောက်လို့ တောင်သူတွေရဲ့ စပါးဧက ၇၀၀၀ ကျော်လောက် လုံးဝ ပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

(Visited 265 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*