ရန်ကုန်မှာ ဦးရာလူစနစ်နဲ့ ဆန်ဈေးလျှော့ရောင်းပေးမည်ဟုဆို (ဆန်တိုးရမယ့် ခေတ်ပြန်ရောက်ပြီ)…

ရန်ကုန်မှာ ဦးရာလူစနစ်နဲ့ ဆန်ဈေးလျှော့ရောင်းပေးမည်ဟုဆို (ဆန်တိုးရမယ့် ခေတ်ပြန်ရောက်ပြီ)…

ရန်ကုန်မြို့မှာ ဩဂုတ် ၃ ရက်က စတင်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊

မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် ၅၂,၀၀၀ ကနေ ကျပ် ၅၅,၀၀၀ ကြား၊

ကြားပျံတစ်အိတ်ကို ကျပ် ၅၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၅,၀၀၀ ကနေ ကျပ် ၇၇,၀၀၀ ကြား၊ ရက်(၉၀)အမျိုးအစား တစ်အိတ်ကို ကျပ် ၃၅,၀၀၀ ကနေ ကျပ် ၃၇,၀၀၀ ကြား ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဩဂုတ် ၃ ရက်က စတင်ပြီး ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊

ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ နေ့စဉ်မနက် (၉) နာရီကနေ ညနေ(၃)နာရီခွဲအထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုရောင်းပေးမယ့် ဈေးနှုန်းတွေဟာ ပြင်ပလက်လီပေါက်ဈေးထက် အတိုင်းအတာတစ်ခုအထိ လျော့နည်းသက်သာတာကိုလည်း တွေ့ရပါတယ်။ လက်ရှိအချိန် ပြင်ပဈေးကွက်၌ ရွှေဘိုပေါ်ဆန်းမွှေး ဆန်တအိတ် ကျပ် ၉၀၀၀၀ ကျော် အထိ ရောက်ရှိနေပြီး

မကြာမီ ဆန်တအိတ် တသိန်းကျော် ဖြစ်တော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ ယခုလို ဈေးလျှော့ရောင်းချပေးမယ့် အရေအတွက်ကို မသိရှိရတာကြောင့် ဦးရာလူစနစ်နဲ့ ရောင်းချနိုင်တယ်လို့ ပြည်သူတွေက ခန့်မှန်း နေကြပါတယ်။ စားအုန်းဆီဈေး အဆမတန်ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းက တန်းစီစနစ်နဲ့ ရောင်းချတဲ့ နေရာတွေမှာ လူအများ စုပြုံတိုးနေကြပြီးတဲ့နောက်

ယခု ဆန်မှာလည်း စုပြုံတိုးမယ့် အခြေအနေ ဖြစ်ပေါ်နေပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ နီးပါးက မြင်ကွင်းတွေကို ပြန်လည်မြင်တွေ့ရတာ ဝမ်းနည်းစရာ အလွန်ကောင်းတယ်လို့ ပြည်သူတဦးက မှတ်ချချပါတယ်။

(Visited 273 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*