မျက်လုံးရောင်ခြင်း မျက်စိဝါးခြင်းကို ဘယ်လိုသက်သာအောင်လုပ်မလဲ

မျက်လုံးရောင်ခြင်း မျက်စိဝါးခြင်းကို ဘယ်လိုသက်သာအောင်လုပ်မလဲ

လူအများစုဟာ တစ်ခါတစ်ရံမှာ မျက်လုံးတွေက ကြည့်ကောင်းနေရင်းကနေ ဝါးသွားတာ၊ မရှင်းတော့တာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးမို့အစ်နေတာမျိုးလည်း မရှိဘဲ မျက်လုံးက ရောင်နေတာမျိုးဖြစ်နေတတ်ပါတယ်။ မျက်လုံးရောင်တာ အများစုက ငိုတာများခြင်း၊ မျက်လုံးခြောက်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ဓာတ်မတည့်ခြင်း၊ မျက်စိပိုးဝင်ခြင်း၊ ထိခိုက်မိခြင်းတွေကြောင့် မျက်လုံးက ရောင်နိုင်ပါတယ်။ မျက်လုံးရောင်တာတွေကို သက်သာစေနိုင်မယ့် နည်းလမ်းအချို့ကိုပြောပြပေးလိုက်ပါတယ်။

ရေများများ သောက်ပါ – ခန္ဓာကိုယ်ထဲမှာ ရေလုံလောက်မှု မရှိတာကလည်း မျက်လုံးတွေကို ရောင်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် မျက်လုံးရောင်နေတာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် ပြည့်အောင် သောက်ပေးပါ။

ရေအေးဝတ် ကပ်ပါ – ရေအေးဝတ် ကပ်တာက မျက်လုံးတွေ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားတွေ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေက ရောင်နေမယ်ဆိုရင် အဝတ်စသန့်သန့်လေးကို ရေအေးအေးလေး ဆွတ်ပြီး မျက်လုံးတွေအပေါ်မှာ မိနစ် ၂၀ ကနေ ၃၀ လောက် ကပ်ထားပေးပါ။

ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲကပ်ပေးလို့လည်းရပါတယ်။ ရေခဲကပ်ပေးတဲ့အခါ အရေပြားပေါ်ကို တိုက်ရိုက် ကပ်တာမျိုး မလုပ်ပါနဲ့။ အရေပြားက အအေးဒဏ်ကြောင့် လောင်စေနိုင်လို့ပါ။ ၁၀ မိနစ်လောက် ကပ်ပြီးတိုင်း နာရီဝက်၊ ၁၅ မိနစ်လောက် နားပေးပါ။ ဒီလို ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး မျက်လုံးတွေ ရောင်နေတာကို သက်သာစေနိုင်မှာပါ။

မျက်စဉ်း ခတ်ပေးပါ – မျက်စဉ်းခတ်တာကလည်း မျက်လုံးတွေ ရောင်တာကို သက်သာစေနိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။ မျက်လုံးခြောက်တာကို သက်သာစေနိုင်သလို မျက်စိ ဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ မျက်စိနာတာကို သက်သာစေဖို့ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ မျက်စဉ်း ခတ်ပေးလို့ ရပါတယ်။

လက်ဖက်ခြောက်အိတ် ကပ်ပေးပါ – သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကလည်း tannins နဲ့ ကဖင်း ပါဝင်တာကြောင့် ရောင်နေတဲ့ မျက်လုံးတွေကို အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီး မျက်လုံးတွေပေါ်မှာ ကပ်ပေးတာက မျက်လုံးအရောင်ကျစေနိုင်ပါတယ်။ အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်ကို မျက်လုံးပေါ်မှာ မကပ်ခင် မိနစ် ၂၀ လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပေးပါ။ ပြီးရင် မိနစ် ၃၀ လောက် မျက်လုံးပေါ်မှာ ကပ်ပေးရုံပါ။

အာလူးကပ်ပါ – အာလူးတွေကို အဝိုင်းလိုက် ခပ်ပါးပါးလေး လှီးပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။ မျက်လုံးကို အေးစေတဲ့အပြင် မျက်ကွင်းညိုခြင်းကိုလည်းသက်သာစေနိုင်ပါတယ်။

သခွားသီး ကပ်ပါ – သခွားသီးကို ခပ်ပါးပါး လှီးပြီး ရေခဲသေတ္တာထဲ ထည့်လို့ အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။ သခွားသီးကပ်ခြင်းက မျက်လုံးကိုအေးစေပါတယ်။

ရှားစောင်းလက်ပတ်ကပ်ပါ – ရှားစောင်းလက်ပတ်က မျက်လုံးကို အေးမြစေပါတယ်။ ဒါကြောင့် အအေးခံထားတဲ့ ရှားစောင်းလက်ပတ်ကို မျက်လုံးပေါ်မှာ ၁၅ မိနစ် မိနစ် ၂၀ လောက်ကပ်ပေးထားပါက မျက်လုံးရောင်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒီနည်းလမ်းတွေပြုလုပ်ပေးခြင်းဖြင့် မျက်လုံးရောင်ရမ်းခြင်း မျက်စိဝါးခြင်းကို သက်သာစေနိုင်ပါတယ်။ ရောဂါဘယကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

(Visited 198 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*