ဖားကန့်၌ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်မည်ကို ဒေသခံများအလွန်မင်းစိုးရိမ်နေ

ဖားကန့်၌ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်မည်ကို ဒေသခံများအလွန်မင်းစိုးရိမ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်သုံးဆီနှင့် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး မကြာခင် ပြတ်လပ်မှုများ ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ စကစမှ ဖားကန့်မြို့နယ်အတွင်းသို့ စားသောက်ကုန်၊ ဆန်နှင့် စက်သုံးဆီ တင်ပို့ခြင်းများအား ပြီးခဲ့သည့် မေလမှစတင်၍ ကန့်သတ်တားမြစ် ပိတ်ပင်ခဲ့ခြင်းများကြောင့်ဟု ဒေသခံများက ဆိုသည်။

ဖားကန့်ဒေသခံတဦးက “အခုက လုံးဝ ပြတ်လပ်သွားတာမျိုးတော့ မဟုတ်သေးပေမယ့် အခုအတိုင်းဆက်သွားရင် မကြာခင် ပြတ်လပ်ကုန်တော့မှာ။ ဆန်ဆိုရင် အရင်ကလို ကားလေးတွေနဲ့သယ်လို့ မရတော့ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်လာတဲ့ ဆန်ကိုတောင် စစ်သားတွေကတွေ့ရင် စကားတွေအများကြီး ပြောရတယ်။ နန့်ယားဂိတ်မှာ အစစ်အဆေး အရမ်းကြမ်းတယ်။ နောက် အဓိက စက်သုံးဆီလည်း လိုသလိုဝယ်လို့ မရတော့ဘူး” ဟု ရှင်းပြသည်။

ဖားကန့်မြို့နယ်အတွင်းသို့ ခရီးသည်တင်မော်တော်ယာဉ်အသေးများ၊ အိမ်စီးကားလေးများဖြင့် ဆန်သယ်ယူခွင့်ပိတ်ပင်ထားပြီး ကုန်တင်ကားများဖြင့်သာ သယ်ယူခွင့်ပြုထားသော်လည်း စစ်ကောင်စီတပ်ဂိတ်များတွင် တင်းကျပ်စွာစစ်ဆေးနေခြင်းကြောင့် ကုန်တင်ကားဝင်ထွက်မှုများလည်း ယခင်ထက် နည်းပါးနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စက်သုံးဆီဆိုင်ကြီး ၁၈ ဆိုင်ရှိပြီး မေလအတွင်းမှစတင်၍ ဖားကန့်သို့ ဆီသယ်ယူရာတွင် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသလို စက်သုံးဆီဈေးများပါ မြင့်တက်လျက် ရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

“ဆီမရှိတော့လို့ဆိုပြီး ဆိုင်တွေတော်တော်များများ ပိတ်ထားကြတယ်။ အဆိုးဆုံးကတော့ ဆီမရှိလို့ လူမှုရေးအသင်းကားတွေ ရပ်ထားကြရတာပဲ။ ဆီဈေးတွေက ကြီးနေတော့ အချို့အသင်းတွေက နာရေးကိစ္စလို မဖြစ်မနေ အခြေအနေမျိုးမှပဲ ထွက်ကြတယ်” ဟု ဖားကန့်မြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောသည်။

အင်တာနက် ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် ၉၂ အောက်တိန်း ၁ လီတာလျှင် ကျပ် ၃၅၀၀ ခန့်၊ ၉၅ အောက်တိန်း ၁ လီတာလျှင် ၄၀၀၀ ကျပ်၊ ဒီဇယ် ၁ လီတာလျှင် ၃၈၀၀ ကျပ်ခန့်ဖြင့် ရောင်းချနေကြောင်း သိရသည်။

ထို့ပြင် အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း သိသိသာသာ မြင့်တက်နေပြီး ယခင်က ဆန် ၁ အိတ်လျှင် ၄၈,၀၀၀ ကျပ်ခန့်သာရှိသော ဆန်အမျိုးအစားသည် ယခုအခါ ၁ အိတ်လျှင် ၆၀,၀၀၀ ကျပ်ခန့်ထိ မြင့်တက်နေကြောင်း သိရသည်။

(Visited 6 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*